backup og meta

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

    ကိုယ်ဝန်ဆောင်ပြီဆိုရင် ကိုးလလုံးလုံး မိခင်ရော ကလေးပါ ကျန်းမာဖို့ ကြိုးစားအားထုတ်ရပါတယ်။ ဒါမှ ၁၀လပြည့်တဲ့အခါ ကျန်းမာတဲ့ ကလေးလေးကို မွေးဖွားနိုင်မှာပါ။ ဒီနေရာမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ အရေးပါလာပါပြီ။ ကိုယ်ဝန်ကို ဘယ်လိုစောင့်ရှောက်ကြမလဲ။ ဆောင်ရန် ရှောင်ရန်တွေက ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။

    ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အခြေခံစည်းမျဉ်းများ

    ကိုယ်ဝန်အပ်ခြင်း

    ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှာ အခြေခံအကျဆုံးက ကိုယ်ဝန်အပ်ခြင်းပါပဲ။ ကိုယ်ဝန်အပ်တယ်ဆိုတာ ကိုယ်နဲ့ ကိုယ့်ကလေးရဲ့ ကျန်းမာရေးကို ကျွမ်းကျင်ပညာရှင်နဲ့အတူ စောင့်ရှောက်တာပါ။

    ကိုယ်ဝန်ဘယ်ချိန်မှာ အပ်ရမလဲဆိုတာကလည်း အမေးများဆုံး မေးခွန်းတစ်ခုပါပဲ။ တချို့က အာထွာဆောင်းရိုက်ခါနီးမှ အပ်ရမယ်လို့ ထင်ကြပါတယ်။ တကယ်က ကိုယ်ဝန်ရှိရှိချင်း အပ်တာက စိတ်အချရဆုံးပါပဲ။

    တချို့ဆိုရင် ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်ပြီးတည်းက သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာနေကြပါပြီ။ မွေးရာပါ ချို့ယွင်းချက်တွေက first trimester လို့ ခေါ်တဲ့ ပထမ ၃လပတ်မှာ အဖြစ်များတဲ့အတွက် စောစောစီးစီးကိုယ်ဝန်အပ်တာက စိတ်အချရဆုံးပါပဲ။

    ကိုယ်ဝန်အပ်ခြင်းရဲ့ အားသာချက်တွေက

    • သားဖွားမီးယပ်ဆရာဝန်ရဲ့ အကြံပေးချက်ကို အဆက်မပြတ်ရယူနိုင်တယ်။
    • ကိုယ်ဝန်အတွက် လိုအပ်တဲ့ ဆေးစစ်ချက်တွေကို ပြည့်ပြည့်ဝဝလုပ်နိုင်တယ်။
    • လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးနိုင်တယ်။
    • ကိုယ်ဝန်ဆောင်ရောဂါတွေ (ဥပမာ ကိုယ်ဝန်ဆိပ်တက်တာ၊ ကိုယ်ဝန်ဆောင်ဆီးချို၊ ကိုယ်ဝန်ဆောင်သွေးတိုး၊ ကလေးအနေအထား မမှန်တာ)ကို စောစောစီးစီး သိပြီး ကုသမှု ခံယူနိုင်တယ်။
    • ဘယ်တော့ မွေးမှာလဲ။ ဘယ်လိုမွေးမှာလဲဆိုတာကို သိနိုင်တယ်။
    • ဒီလိုပြင်ဆင်ထားတဲ့အတွက်  နောက်ဆုံး မွေးဖွားတဲ့အချိန်မှာ လျောလျောရှူရှူ မွေးဖွားနိုင်တယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ရပါတယ်။

    ရက်ချိန်းကလည်း ကိုယ်ဝန်အစောပိုင်းဆို ၄ပတ်တစ်ခါ၊ နောက်ပိုင်းကျရင် ၂ပတ်တစ်ခါ၊ ၁ပတ်တစ်ခါ စသဖြင့် ခေါ်သွားမှာပါ။ အရေးကြီးတဲ့ကိုယ်ဝန်ဆို လိုရင် လိုသလိုချိန်းသွားမှာ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင် အာဟာရ

    ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှာ အာဟာရကလည်း အရေးကြီးပါတယ်။ သန္ဓေသားလေးရဲ့ ကျန်းမာကြံ့ခိုင်မှုဆိုတာ အမေ့ရဲ့ အာဟာရပေါ် မှီတည်နေတာမဟုတ်ပါလား။ အခြေခံအနေနဲ့တော့ မိခင်က စုံစုံလင်လင်စားပေးရမှာပါ။ အသီးအရွက်၊ အသားငါး၊ ထမင်း စသဖြင့် မျှတအောင် စားပေးရမှာပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမှာစိုးလို့ အစားလျှော့တာ လုံးဝမလုပ်သင့်ပါဘူး။ ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်နေ့တာ ကာဘိုဟိုက်ဒရိတ်ဘယ်လောက်စားလို့ရသလဲဆိုတာကို အာဟာရဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ဆီးချိုတက်မှာစိုးလို့ ကာဘိုဟိုက်ဒရိတ်တွေ လျှော့စားတာကလည်း ကလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့်ပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်စစ်နဲ့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အနီရောင်အသား၊ အစိမ်းရောင်အရွက်၊ ပဲ စတာတွေကို စားပေးရပါမယ်။ သံဓာတ်စုပ်ယူမှု ကောင်းအောင် ဗီတာမင်စီ ကြွယ်ဝတဲ့ အသီးအနှံတွေကို ပါအောင် စားပေးပါ။ ကလေးမှာ အိုင်အိုဒင်း မချို့တဲ့အောင် အိုင်အိုဒင်းပါတဲ့ ဆားကို သုံးပေးပါ။ ကယ်ဆီယမ် လိုအပ်ချက်ကို ပြည့်မီအောင် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သောက်သုံးပေးရပါမယ်။ ရေမြွာရည် လုံလောက်အောင် ရေများများသောက်ပါ။

    ရှောင်ရမယ့် အစားအစာတွေကတော့

    • အဆီများလွန်းတာ၊ ငန်လွန်း၊ ချိုလွန်းတာ၊ ပြုပြင်ထားတဲ့ အစားအသောက်တွေ
    • ကဖင်းလျှော့သောက်ပါ။ WHOက ကိုယ်ဝန်ဆောင်တစ်ယောက်က တစ်နေ့ကို ကော်ဖီ ၃ခွက်ထက် မပို၊ လက်ဖက်ရည်ဆို ၆ခွက်တဲ့ မပိုတဲ့ ပမာဏကိုပဲ သောက်ခွင့်ပြုထားပါတယ်။ ဒါ့ပြင် ခွန်အားဖြင့် အချိုရည်တွေ၊ အအေးတွေကိုလည်း ရှောင်ရပါမယ်။
    • လက်ဖက်၊ ရေနွေးကြမ်း စတာတွေကတော့ ရှောင်ရမယ်လို့ မဟုတ်ပေမယ့် သံဓာတ်စုပ်ယူမှုကို အနှာင့်အယှက်ဖြစ်စေလို့ စားမယ်ဆိုရင် အစာမစားခင် ၁နာရီ၊ စားပြီး ၂နာရီနေမှ စားသင့်ပါတယ်။

    အားဆေးအနေနဲ့ကတော့

  • ဖောလစ်အက်စစ်ကတော့ ကိုယ်ဝန်ဆောင်တိုင်းကို ပေးပါတယ်။
  • သံဓာတ်ချို့တဲ့တဲ့ လက္ခဏာရှိရင် သံဓာတ်အားဆေး ပေးပါတယ်။
  • ကိုယ်ဝန်ဆောင်က သက်သတ်လွတ်စားတယ်ဆိုရင် ဗီတာမင် B12ပေးပါတယ်။
  • ကိုယ်ဝန်ဆောင်က အစားရွေးတယ်၊ အစား သိပ်မဝင်ဘူးဆိုရင် တခြားဗီတာမင် အစုံပါတဲ့ အားဆေး ပေးပါတယ်။
  • ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာ

    ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း

    ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အတွက် ကိုယ်လက်လေ့ကျင့်ခန်းကလည်း မဖြစ်မနေလိုအပ်ပါတယ်။ သင့်တော်တဲ့ လှုပ်ရှားမှုမျိုး လုပ်ပေးမှသာ ကိုယ်ဝန်ဆောင် ကျန်းမာရေး ပြဿနာတွေ သက်သာပြီး မွေးရဖွားရလွယ်မှာပါ။

    ရုပ်ရှင်တွေထဲမှာ ကြည့်လိုက်ရင် ကိုယ်ဝန်ဆောင်ယောဂတို့၊ ခင်ပွန်းသည်နဲ့ အတူ လေ့ကျင့်ခန်း လုပ်တာတို့ တွေ့ဖူးမှာပါ။ ဒီလောက်ထိ မဟုတ်ရင်တောင် နေ့စဉ် အန္တရာယ်ကင်းတဲ့ လှုပ်ရှားမှု တစ်ခုခုတော့ ရှိသင့်ပါတယ်။ တကယ့် လေ့ကျင့်ခန်း မဟုတ်တောင် အိမ်တွင်းဗာဟီရလောက်တော့ လုပ်နိုင်ပါတယ်။

  • တစ်နေ့ကို မိနစ် ၃၀နဲ့ တစ်ပတ်ကို မိနစ် ၁၅၀လောက် လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။
  • တခြားဘာရောဂါမှ မရှိရင် အသက်ရှူမြန်လာပြီး နှလုံးခုန်အနည်းငယ်မြန်လာသည်အထိ  လုပ်နိုင်ပါတယ်။
  • ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ၊ အလေးအပင်မတာတွေ၊ မတ်တပ်အကြာကြီး ရပ်တာ၊ အကြာကြီး ခါးကုန်းရတဲ့အလုပ်မျိုးကိုတော့ အားမပေးပါဘူး။
  • ကိုယ်ဝန်ဆောင်တွေက နေ့လယ်နေ့ခင်းကို တစ်နာရီလောက် အနားယူသင့်ပါတယ်။
  • ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှု ဆိုတာ

    Takeaways

    ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှာ တခြားအချက်တွေ အများကြီးကျန်သေးပေမယ့် ဒီ၃ချက်ကတော့ အခြေခံအကျဆုံး အချက်တွေပါ။ သာမန်ကိုယ်ဝန်ဆောင် တစ်ယောက်အနေနဲ့ ဒီလောက်လိုက်နာမယ်ဆိုရင် မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement