backup og meta

အသင့်စား ကြက်အူချောင်းစားပြီး ကလေးများ ပြာနှမ်း ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသင့်စား ကြက်အူချောင်းစားပြီး ကလေးများ ပြာနှမ်း ခြင်း

    ခုတလောနဲ့ အသင့်စား ကြက်အူချောင်းတွေ စားပြီး ကလေးတွေ ရုတ်တရက် ပြာနှမ်း တာကို တွေ့ရပါတယ်။ တချို့ဆို အသက်ပါ ဆုံးရှုံးတယ်လို့ ကြားသိကြပါတယ်။ ဒါက ကြက်အူချောင်းမှာပါတဲ့ နိုက်ထရိတ်ဓာတ်ကြောင့်လို့လည်း ပြောကြပါတယ်။ ဘယ်လိုများ ဖြစ်တာပါလိမ့်။

    နိုက်ထရိတ်ပါလို့ ပြာနှမ်း တာလား။

    တကယ်တော့ နိုက်ထရိတ်ဆိုတာ ကြက်အူချောင်းအပါအဝင် အသားတွေမှာ ဘက်တီးရီးယားတွေ မပေါက်ပွားအောင်၊ ကြာရှည်ခံအောင် ထည့်တဲ့ ဓာတုပစ္စည်းပါ။ FDAက သတ်မှတ်ထားတဲ့ အန္တရာယ်ကင်းတဲ့ ပမာဏလောက်ဆို ပြဿနာမရှိပေမယ့် ပါဝင်မှုများနေမယ်ဆိုရင်တော့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

    နိုက်ထရိတ်က ဘယ်လို ပြာနှမ်း စေတာလဲ။

    နိုက်ထရိတ်က သွေးထဲကို ရောက်တဲ့အခါ သွေးနီဥထဲမှာ ရှိတဲ့ သံဓာတ်ကို ဓာတ်တိုးလိုက်ပါတယ်။ ဒါကြောင့် Fe2+ကနေ  Fe3+ ဖြစ်သွားပါတယ်။ ဓာတ်တိုးသွားတဲ့ သွေးနီဥက ပုံမှန်သွေးနီဥတွေလို အောက်ဆီဂျင် မသယ်နိုင်တော့ပါဘူး။ ဒါကြောင့် သွေးထဲမှာ အောက်ဆီဂျင်နည်းပြီး ပြာနှမ်းလာတာပါ။ ဒီလိုသွေးနီဥတွေ သွေးထဲမှာ များနေတာကိုတော့ Methemoglobinemia (MetHb) လို့ခေါ်ပါတယ်။

    Methemoglobinemia က ဘာကြောင့် ဖြစ်တာလဲ။

    MetHb က မွေးရာပါ ဖြစ်တာလဲ ရှိသလို ပြင်ပပစ္စည်းတွေကြောင့် ဖြစ်တာလည်း ရှိပါတယ်။ ကြက်အူချောင်းမှာ ပါတဲ့ နိုက်ထရိတ်ဆိုတာ ပြင်ပပစ္စည်းပါ။ ကြက်အူချောင်းတင်မကဘဲ

    • မေ့ဆေးမှာ သုံးတဲ့ benzocaine
    • dapsone နဲ့ ကလိုရိုကွင်းလို ဆေးတွေ
    • ဟင်းနုနယ်ရွက်၊ မုန်လာဥနီတွေမှာလည်း နိုက်ထရိတ်တွေ သဘာဝအတိုင်း ပါနေတဲ့အတွက် အများကြီးစားမယ်ဆိုရင် MetHb ဖြစ်တတ်ပါတယ်။

    အသက် ၆လအထက် ကလေးတွေမှာ MetHb ဖြစ်ပြီဆိုရင် ဒီလိုပြင်ပပစ္စည်းတွေကြောင့် ဖြစ်တာများပါတယ်။

    အသင့်စား ကြက်အူချောင်းစားပြီး ကလေးများ ပြာနှမ်း ခြင်း

    MetHb ရဲ့ ရောဂါလက္ခဏာတွေက

    တွေ့ရတတ်တဲ့ လက္ခဏာတွေက သွေးထဲမှာ MetHb ပမာဏ ဘယ်လောက်လဲဆိုတာပေါ် မူတည်ပါတယ်။ ပုံမှန်ဆိုရင် သွေးထဲမှာ MetHb ပမာဏက ၁%  (၀-၃%) လောက်ပဲ ရှိပါတယ်။ ဒီထက်ပိုများလာမယ်ဆိုရင်တော့

    • ၁၀% အောက် – ပုံမှန်လူဆို ဘာမှမဖြစ်ပါဘူး။ ရောဂါအခံရှိရင်တော့ လက္ခဏာစပြပါပြီ။
    • ၁၀-၂၀% – နည်းနည်းစပြာလာပါပြီ။
    • ၂၀-၃၀% – ဂနာမငြိမ်တာ၊ ခေါင်းကိုက်တာ၊ ရင်တုန်တာ၊ ခေါင်းမူးတာတွေ ဖြစ်လာပါပြီ။
    • ၃၀-၅၀% – မောတာ၊ အားနည်းတာ၊ သတိမကောင်းတာ၊ ရင်ဘတ်အောင့်တာတွေ ခံစားရပါပြီ။
    • ၅၀-၇၀% –  နှလုံးခုန်မမှန်တာ၊ တက်တာ၊ သတိလစ်တာတွေ ဖြစ်လာပါပြီ။
    • ၇၀%နဲ့ အထက်ဆိုရင်တော့ အသက်သေဆုံးနိုင်ခြေ များပါတယ်။

    ဒီလို ပြာနှမ်း နေတာကို ကုသလို့ရပါ့မလား။

    စောစောသိဖို့တော့ လိုပါတယ်။ ကုသနည်းတွေကတော့ အခြေအနေတွေပေါ် မူတည်ပါတယ်။ ဒီလိုမျိုး နိုက်ထရိတ်အဆိပ်သင့်ပြီး ဖြစ်တာဆိုရင်တော့ အရေးပေါ် ချက်ချင်းကုသဖို့ လိုပါတယ်။ မွေးရာပါ MetHb ရောဂါကတော့ ကုသလို့ မရပါဘူး။

    အဆိပ်သင့်လို့ ပြာနှမ်းပြီး ရောက်လာတဲ့ ကလေးတွေကို

    • အောက်ဆီဂျင်ပေးတာ
    • ဖြစ်ရတဲ့ အကြောင်းရင်း၊ အစားအသောက်၊ ဆေးဝါးတွေကို မေးမြန်းတာတွေ လုပ်ရပါတယ်။

    ပြီးရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီး ကုသမှု စတင်ရပါတယ်။ သွေးထဲမှာ MetHb ၂၀%နဲ့အထက် ရှိနေတာဖြစ်ဖြစ်၊ ကလေးမှာ တခြားရောဂါအခံရှိနေတာဖြစ်ဖြစ် ဆေးတွေပေးပြီး ကုသရပါတယ်။ ကုလို့ရတဲ့ နည်းတွေကတော့

    • Methylene blue ပေးတာ – MetHbကြောင့် ပြာနှမ်းနေတဲ့ ကလေးကို အရေးပေါ်ကုသဖို့ ပေးတာ ဖြစ်ပါတယ်။ G6PD ချို့တဲ့နေတဲ့ ကလေးတွေမှာတော့ ပေးလို့မရပါဘူး။
    • သွေးလဲတာ – Methylene blue နဲ့ မသက်သာတာ ဒါမှမဟုတ် G6PD ချို့တဲ့တဲ့ ကလေးတွေမှာ လက္ခဏာတွေ ပြင်းလွန်းရင် သုံးရပါတယ်။
    • Hyperbaric အောက်စီဂျင် ပေးတာ – အောာက်စီဂျင်ကြီးပဲ ၁၀၀% ပေးတာ ဖြစ်ပါတယ်။ Methylene blue နဲ့ မသက်သာတာ၊ ပေးလို့မရတာမျိုးဆို သုံးပါတယ်။
    • Ascorbic acid, Riboflavin, Cimetidine နဲ့ N-acetylcysteine တွေနဲ့လည်း ကုသလို့ရပါတယ်။
    • သွေးထဲမှာ အက်စစ်ဓာတ်တွေ များနေရင် ဘိုင်ကာဗွန်နိတ် သွင်းရပါတယ်။
    • နိုက်ထရိတ်များတဲ့ အစားအသောက်တွေကို ရှောင်ထားရပါတယ်။

    ကြက်အူချောင်းနဲ့ ကလေးများ ကျန်းမာရေး

    • ကြက်အူချောင်းတွေ စားပြီး ကလေးတွေ ပြာနှမ်းသွားတယ်ဆိုတာ နိုက်ထရိတ်ပါဝင်မှု များလို့ပါ။
    • နိုက်ထရိတ်ကြောင့် သွေးနီဥတွေ ဓာတ်တိုးပြီး အောက်စီဂျင် မသယ်ဆောင်နိုင်တာကြောင့် ပြာနှမ်းလာတာဖြစ်ပါတယ်။
    • သွေးနီဥတွေ ဓာတ်တိုးတဲ့အခါ Methemoglobinemia (MetHb) ဆိုတာ ဖြစ်လာပါတယ်။
    • သွေးထဲမှာ MetHb တွေ များလေလေ အသက်အန္တရာယ်ရှိလေလေ ဖြစ်ပါတယ်။
    • ဒါကြောင့် ကလေးတွေကို နိုက်ထရိတ်ပါတဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေကို အလွန်အကျွံ မကျွေးဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement